Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ရင်ကွဲနေ့”

 
“ကြယ်စင် ခုထိ မပြင်ရသေးဘူးလား၊ မင်္ဂလာအခမ်းအနားစတော့မယ်လေ”
ကြယ်စင် လျှံမင်းဝေကို လှည့်ကြည့်မိလိုက်သည်၊ အပြုံးတွေနဲ့ပျော်ရွှင်နေသော လျှံမင်းဝေကို ကြည့်နေမိရင်း ကိုကိုနေခကို မြင်ယောင်လာမိနေတော့သည်။ မှန်တင်ခုံရှေ့က ကြည်လင်ပြတ်သားနေသော အဖြူရောင်မှန်ကြီးထဲက ကောင်မလေးက ကြယ်စင်လမင်းမှ ဟုတ်ပါလေစလို့တွေးနေရင်း၊ မလှုတ်မယှက် အိနြေ္ဒတွေနဲ့အတူ မိတ်ကပ်ပြင်ဆရာကလည်း သူ့တာဝန်အတိုင်း ကြယ်စင့်ကို လိမ်းခြယ်ပြင်ဆင်နေတော့ သည်။ အပြစ်ကင်းစင်စွာ လှပနေသော အဖြူရောင်သတို့သမီးဝတ်စုံလေးတစ်စုံနဲ့ ကြယ်စင်တယောက် ကိုတော့…
“ကဲ သတို့သားလေး လျှံမင်းရေ၊ သတို့သမီးလေးကိုလေး ကြည့်ပါအုံး၊ ဘယ်လောက်လှသလဲလို့”
“၀ါး…ကို့ရဲ့သတို့သမီးလေးက အရမ်းလှနေတာပဲကွာ၊ အရမ်းလည်းချစ်စရာကောင်းတယ်”
လျှံမင်းဝေ ချီးမွမ်းစကားတွေဆိုနေပေမယ့်လည်း ကြယ်စင့်ရင်ထဲမှာတော့ အငိုကြီးငိုနေခဲ့ရသည်၊ ကိုကိုနေခရယ် …ဒီသတို့သမီးဝတ်စုံလေးဟာ ကိုကို့အတွက်ပဲဖြစ်ရမယ်လေ၊ ကိုကို… ကြယ်စင့်ရဲ့ငိုသံတွေက နှလုံးသားရဲ့အပြင်ဘက်ဆီကို ထွက်မလာနိုင်တော့ဘူးနော်၊ ဒီမင်္ဂလာပွဲဟာ ကိုကိုနေခရဲ့ နွေးထွေးတဲ့ လက်တစုံနဲ့အတူ ကြည်နူးကြရမယ့်နေ့လေးလေ…”ခုတော့”… ကြယ်စင့်ရင်ထဲမှာ တိတ်တိတ်လေးရေရွတ် နေခဲ့မိလိုက်သည်…။

“အဟား..ဟား…ဟား”
“ဟူး…၀ူး…..”
လေပြင်းပြင်းလေးကို နှစ်ဦးသားမှုတ်ထုတ်လိုက်ကြရင်း ကြယ်စင်နဲ့နေခတို့ ခုံတန်းလျားရှည်လေးပေါ်တွင် ၀င်ထိုင်လိုက်ကြသည်၊ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း…
“ကြယ်စင်လေး…မောသွားပြီးလား၊ ဟင့်အင်း မောပါဘူးကိုကိုနေခရဲ့”
“ဟင်း..ကောင်မလေးနော် ကိုကို့ကို ညာပြောနေပြန်ပါပြီ၊ မမောဘူးသာဆိုပါတယ် ချွေးတွေစို့နေတယ်လေ ကြယ်စင်လေးရဲ့”
“အဟား..ဟား..ဟား”
ရှက်ပြုံးလေးဖြင့် မသိမသာရယ်မောပျော်ရွှင်နေသော ကြယ်စင့်ကို ကြည့်ပြီး နေခရင်ထဲ ပီတိတွေဖြစ်ခဲ့ ရသည်…။
နေခနဲ့ကြယ်စင်လမင်းတို့က မောင်နှမတွေလို တအိမ်တည်းအတူတူနေထိုင်ကြရသည်၊ ကြယ်စင်တို့ဖေဖေ ဦးနေသွေးက နေခကို သားအရင်းတစ်ယောက်လိုမွေးစားခဲ့သည်၊နေခရဲ့မိဘတွေကတော့ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ကြသူတွေမို့ ဦးနေသွေးကပဲ သားအရင်းတယောက်လို ပညာတွေသင်ပေးပြီး ကျွေးမွေးပြုစုခဲ့ရ သည်၊ ဒီအကြောင်းတွေကို ဦးနေသွေးအပြင် ကြယ်စင်လမင်းလည်း သိနေခဲ့သည်၊ နေခ တက္ကသိုလ်ရောက်တဲ့ အချိန်မှာတော့ ကြယ်စင်လမင်းက (၁၀)တန်းကျောင်းသူတယောက် ဖြစ်ခဲ့သည်။ နေခ(၁၀)တန်းအောင်တဲ့ အချိန်မှာ ဆေးတက္ကသိုလ်တက်ခွင့်ရခဲ့ပေမယ့် ညီမလေးကြယ်စင်ကို ငဲ့ညှာပြီး ဆေးကျောင်းမတက်ခဲ့တော့ဘဲ စီးပွားရေးတက္ကသိုလ်ကိုသာ တက်ရောက်ခဲ့သည်၊ ခုဆို ညီမလေးကြယ်စင်က(၁၀)တန်းကျောင်းသူတယောက်၊ နေခကတော့ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ပေါ့…၊ ဖေဖေ ဦးနေသွေးကတော့ ပွဲရုံလုပ်ငန်း တွေနဲ့ဆိုသလို အလုပ်တွေများနေတတ်သည်မို့ ကြယ်စင်လေးကို နေခကပဲ ပြုစု စောင့်ရှောက်ခဲ့ရသည်…။
“ညီမလေး…ကြယ်စင်၊ ထတော့လေကွာ…ကျောင်းသွားရတော့မယ်လေ”
နေ့စဉ်လို တံခါးလေးခေါက်ကာ ညီမလေးကိုနှိုးရသည်က နေခရဲ့ အလုပ်တစ်ခုပါ..ဒါပေမယ့်လည်း မညည်းငွေ့ နိုင်၊ မမောမပန်းနိုင်၊ ကြယ်စင်လေးအနားမှာ ပြုစုစောင့်ရှောက်နေရသည်ကပင် နေခအတွက်တော့ ပီတိရွှန်းဝေ လို့နေသည်…။
“ကိုကိုရေ..”
“ဟော… ညီမလေးနိုးလာပြီ၊ “ကဲ” မျက်နှာလေးသစ်..ကျောင်းသွားဖို့ပြင်ခဲ့တော့နော်..ကိုကို မနက်စာရော၊ ညီမလေးထမင်းဘူးလေးရော ပြင်ပြီးသွားပြီနော်”
“ဒါကြောင့် ကိုကို့ကို ချစ်နေရတာ”
“ကဲပါ..အချွဲမလေး…သွားတော့”
ဒီလိုနဲ့ နေခတယောက် ကြယ်စင့်ကို ပြုစုစောင့်ရှောက်ရင်း တစ်နေ့မှာတော့..
ခြံထဲမှာကစားနေရှာသော ကြယ်စင့်ကို လှမ်းငေးကြည့်နေရင်း..ဟိုးငယ်စဉ်ကချစ်ခဲ့ရတဲ့ ညီမလေး..ခုတော့ ပျိုဖော်ဝင်လို့ လှသွေးကြွယ်နေတဲ့အချိန်ကျပြန်တော့လည်း အပြစ်ကင်းစင်ပြီး၊ သိပ်ချစ်စရာကောင်းနေတာ ပဲနော်၊ ကြယ်စင်ညီမလေးရယ်..ကိုကိုလေ မသိစိတ်ရဲ့ချစ်စိတ်တွေက ကြယ်စင့်အပေါ် အရောင်အသွေးတို့ ပြောင်းလဲစပြုလာခဲ့ပါပြီ ကြယ်စင်ရယ်…။ နေခအတွေးစတွေရှည်နေချိန်မှာဘဲ……
“ကိုကို…ကိုကို….”
“ဟင်..ညီမလေး”
“ဘာတွေစိုက်ကြည့်နေတာလဲ ကိုကိုရဲ့”
မျက်တောင်မခတ်ဘဲဆိုသလို နေခတယောက် ကြယ်စင့်ကိုစိုက်ကြည့်နေခဲ့မိသည်၊ ကြယ်စင်လည်း ဘာမှန်းမသိကြည့်နေရင်းကပင် ဘာရယ်မှန်းမသိတဲ့ ရင်ခုန်သံတစ်ခုက ကြယ်စင့်ရင်ကို လှုတ်ခတ်လာပါတော့ သည်..နေခကပဲ စပြီး…
“ညီမလေး”
နေခ ခေါ်လိုက်တော့မှ ကြယ်စင်လည်း သတိပြန်ဝင်လာခဲ့မိသည်…။ သြော်..ဘာလိုလိုနဲ့ ကြယ်စင်လေးတောင် စာမေးပွဲဖြေရတော့မှာပါလား၊ ညစဉ်ညတိုင်း ရေးနေကျ ဒိုင်ယာရီစာအုပ်လေးထဲမှာ ကြယ်စင်ဆိုတဲ့ညီမလေးနဲ့ပတ်သက်ပြီး နေခတယောက် ခံစားချက်တွေဖွင့်ဟပြီး ရေးတတ်လာခဲ့သည်… ဒိုင်ယာရီစာအုပ်လေးကို ဖွင့်လှန်လိုက်ပြီး…
(…….၊…..၊…..ရက်နေ့)
 ညီမလေးရေ…ဟိုးငယ်ငယ်တည်းက ညီမလေးအရင်းလိုချစ်ခဲ့တယ်၊ ခုချိန်မှာ ကိုကို့ရဲ့စိတ်တွေ အရောင်တွေဖြစ်လာခဲ့တာကို ညီမလေးသိပါလေစနော်..ညီမလေးသိခဲ့ရင်လည်း ကိုကို့ကို ခွင့်လွှတ်ပါနော်.. မဖြစ်နိုင်မှန်းသိပေမယ့်လည်း ကိုကို ကြယ်စင်လေးကို သိပ်ချစ်မိခဲ့ပြီကွယ်…
“ဟေ့..ကိုကို၊ ဘာတွေလုပ်နေတာလဲ…ဒီမှာ စာတပုဒ်က မရလို့ ကူကျက်ပေးပါအုံးနော်”
“အေးပါ ညီမလေးရယ် ကိုကိုကူကျက်ပေးမှာပေါ့”
ကြယ်စင်..အနားကို ရောက်လာတော့မှ ရေးလက်စ ဒိုင်ယာရီစာအုပ်လေးကို အသာအယာပိတ်လိုက်ပြီး ကြယ်စင်နဲ့အတူ စာတွေကူကျက်ပေးနေခဲ့သည်..။ မနက်ဖြန်ဆို ညီမလေးစာမေးပွဲဖြေရတော့မည်၊ ညီမလေးရဲ့ အနားမှာ စာတွေကူကျက်ပေးရင်းနဲ့ပင် တစ်ရက်တစ်ရက်ဆိုသလို စာမေးပွဲကြီးက ပြီးဆုံးသွားခဲ့ပြီ…။ နှစ်လအကြာမှာတော့…..
“ကိုကိုရေ…”
“ဟေ့..ညီမလေး၊ ဒီနေ့အောင်စာရင်းထွက်ပြီလေ…”
“ဟာ..ဟုတ်သားပဲ၊ ကဲကဲ သွားကြည့်ရအောင်လေ”
“ဟုတ်ကဲ့”
နေခနဲ့ကြယ်စင်တို့ ကျောင်းထဲကိုသွားပြီး အလုအယက်တိုးဝှေ့ကြည့်နေသည်၊ အောင်စာရင်းကပ်ထားသည့် စာရွက်ထဲမှာတော့…
“ဟာ ညီမလေး…ညီမလေး အောင်တယ်ကွ၊ ၀ါး..ငါးဘာသာဂုဏ်ထူးပါသေးတယ်”
“ဘယ်မှာလဲ ကိုကို”
“ဟာ…ဟုတ်တယ်ကိုကို”
“လာ..ပြန်ကြမယ် ညီမလေး..ဖေဖေ၀မ်းသာအောင် သွားပြောကြမယ်”
“ဖေဖေရေ..ဖေဖေ”
“ကြယ်စင်လေး ဂုဏ်ထူး(၅)ခုနဲ့အောင်တယ်”
“ဟာ..ငါ့သမီးလေးက တယ်တော်ပါလား..သမီးကိုကိုထက်တောင် ပိုတော်သွားတယ်ပေါ့လေ”
“ဖေဖေကလည်း ကိုကို့ရဲ့ညီမလေးဘဲ..တော်ရမှာပေါ့”
“ကြယ်စင်..ညီမလေးက ဆေးကျောင်းဝင်ခွင့်ရတယ်ဆိုတော့ တက်ရမယ်နော်”
“ဟင်..ကိုကိုကလည်း မတက်ချင်ပါဘူး..ကြယ်စင်ကလေ ကိုကို့လိုပဲ အဝေးသင်တက္ကသိုလ်ပဲတက်ပြီး ဖေဖေနဲ့ကိုကိုတို့ကို အလုပ်တွေကူလုပ်ပေးမယ်လေ”
“သမီးလေးရယ်..အလုပ်တွေကူလုပ်စရာမလိုပါဘူး..သမီးကိုကိုရှိနေရင် ဖေဖေ့မှာ ဘာမှမလိုအပ်တော့ဘူး.. သမီးလေးသာပဲ စိတ်အေးလက်အေးနဲ့သာ ကျောင်းတက်တော့နော်..”
“ဟုတ်သားပဲ ကြယ်စင်လေးရယ်၊ ညီမလေး ဘာမှမလုပ်ရပါဘူး၊ ကိုကိုပဲ အလုပ်တွေအများကြီးလုပ်ပြီး ညီမလေးကို ကျောင်းတက်ခိုင်းမယ်နော်..”
“ဟုတ်ကဲ့ပါ…ဒါဆိုလည်း ကြယ်စင် မငြင်းတော့ပါဘူးနော်၊ ဖေဖေနဲ့ကိုကိုတို့စကားကို နားထောင်ပါ့မယ်နော်”
“ဒီလိုမှပေါ့ ညီမလေးရယ်..”
တိတ်ဆိတ်ငြိမ်သက်တဲ့ညတွေဆို… အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်းအထီးကျန်နေရသူကတော့ နေခပေါ့.. ရေးနေကျ ဒိုင်ယာရီစာအုပ်လေးကိုဖွင့်ပြီး…
“…..၊…..၊….ရက်နေ့”
မနက်ဖြန်ဆို ညီမလေး ရန်ကုန်ဆေးတက္ကသိုလ်ကြီးမှာ ကျောင်းသွားတက်ရတော့မှာပါလား..ချစ်သောညီမလေး ရယ်၊ ကိုကိုလေ မခွဲချင်ပေမယ့်လည်း ညီမလေးတိုးတက်ဘို့အတွက် ကိုကိုလွမ်းမျက်ရည်တွေနဲ့ ကျန်နေခဲ့ပါ့ မယ်နော်၊ ညီမလေးကို အရမ်းချစ်တယ်ကွယ်
ချစ်သောညီမလေးရဲ့….နေခ။
ညီမလေးက ဖေဖေ့ကို ကန်တော့နေခိုက် နေခရင်ထဲမှ မချိတင်ကဲဖြစ်ပေါ်လာသော မျက်ရည်စတို့ မျက်ဝန်းအိမ်မှ စီးဆင်းမလာစေရန် တံတွေးတို့ဖြင့် မျိုသိပ်ထားလိုက်မိသည်…
“ကိုကို့ကိုလည်း ညီမလေး ကန်တော့ခဲ့မယ်နော်..”
“သာဓု…သာဓု…သာဓုပါ ကိုကို့ညီမလေး သွားလေရာလာလေရာ ခလုတ်မထိ ဆူးမငြိနဲ့ လိုရာပန်းတိုင်ကို အရောက်သွားနိုင်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့လည်း ပြည့်စုံပါစေကွယ်..”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေကိုကို”
ကန်တော့အပြီးမှာတော့ အမှတ်မထင် ကြယ်စင်လေးရဲ့အပြုအမူကြောင့် နေခရင်ထဲ ဆို့နင့်သွားရသည်… ကြယ်စင်လေးရဲ့ မျက်ဝန်းမှ မျက်ရည်စတို့က ရွှဲနစ်နေလေပြီ….
“ကိုကို”
နေခရဲ့ရင်ခွင်လေးကို သိုင်းဖက်ပြီး ကြယ်စင် ငိုနေခဲ့သည်…
”ငါငိုရင်သူလေးပါ ဆက်ငိုနေအုံးမှာပါလား”ဟု တွေးရင်းဖြင့် မျက်ရည်စတွေကို ရင်ထဲမှာသိုဝှက်ရင်း…
“တိတ်ပါ ညီမလေးရယ်…နော်”
“ငိုရင် မလှတော့ဘဲနေမှာပေါ့…ရှက်စရာကြီး…မငိုနဲ့တော့နော်၊ ကိုကိုတို့ အပြီးခွဲတာမှမဟုတ်ဘဲ..ညီမလေး ကျောင်းပိတ်တဲ့အခါ ပြန်လာလို့ရတယ်လေ…ပြီးတော့ ကိုကိုလည်း မကြာခဏ ညီမလေးဆီ လာခဲ့မှာပေါ့နော်..။ တိတ်ပါတော့နော်..နောက်ကျနေတော့မယ်၊ သွားစို့”
နေခ ကြယ်စင့်ကို မျက်ရည်တွေသုတ်ပေးရင်း ကြည်နူးခဲ့ရသည်…အပြစ်ကင်းစင်သော ညီမလေး ချက်ချင်း ဆိုသလို အပြုံးပန်းတွေဝေဖြာသွားခဲ့တော့သည်….
ဆေးတက္ကသိုလ်မှာ (၆)နှစ်ဆိုတဲ့အချိန်ကာလတွေအတွက် နေခ ဘယ်လိုဖြတ်သန်းရမည်လဲ..နေခရင်ထဲ မီးတောက်တစ်ခုပမာ ပူလောင်နေခဲ့တော့သည်…ရေးနေကျ ဒိုင်ယာရီစာအုပ်လေးကိုဖွင့်ကာ…
ကြယ်စင်လေးရယ်…ကြယ်စင်လေးမရှိတဲ့အချိန်တွေမှာ အလွမ်းမျက်ရည်တွေနဲ့ ကျန်ခဲ့ရသူပါကွာ..ညီမလေးကို ကိုကိုသိပ်ချစ်မိသွားပြီ ညီမလေးရယ်၊ ဒါပေမယ့်လည်း ကိုကို့ဘ၀က ကျေးဇူးရှင်ရဲ့ သမီးကို ကျေးဇူးဆပ်သလိုဖြစ်နေပြီလားဟင်…ကိုကို့ရဲ့အချစ်တွေကို ညီမလေးသိအောင် ဘယ်လိုပြောရက်မှာလဲကွယ်၊ ဒီအချိန်ဆို ညီမလေးကတော့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေလောက်ပြီပေါ့၊ ကိုကိုကတော့ ညစဉ်လို ဒီစာအုပ်လေးကို အဖော်ပြုပြီး နေခဲ့ရသူပါကွာ..ချစ်တယ်..ချစ်တယ်..ကြယ်စင်လေးရယ်…။
ကားတွေက တစ်စီးပြီးတစ်စီးဆိုသလို လမ်းဖြတ်ကူးလို့မရအောင်ပင် ရှုတ်ယှက်ခတ်နေသည်… လူသူတွေကထူထပ်ပြီး အနံ့တွေက ဆိုးရွားလွန်းနေသည်…ပညာရေးအတွက်မို့သာ ကြိတ်မှိတ်နေခဲ့ရပေမယ့် ကြယ်စင်မနေချင်ပါ၊ တိတ်ဆိပ်ငြိမ်သက်ပြီး အေးချမ်းတဲ့ ကိုယ့်မြို့လေးကိုသာ အပြေးပြန်ချင်မိသည်၊ ကိုကိုနဲ့ဖေဖေ့ကိုလည်း လွမ်းလှသည်၊ အဝေးကြီးရောက်တော့မှ ကိုကို့ကို ပိုချစ်လာမှန်းသိခဲ့ရသည်၊ ဟိုးအရင်ကလို ချစ်ခဲ့တဲ့ အချစ်မျိုးတော့ မဟုတ်ဘူးဆိုတာကိုတော့ ကြယ်စင်သိနေသလိုပင်၊ ကိုကိုရယ် ဒီအချိန်ဆို ကိုကိုရယ်၊ ကြယ်စင်ရယ် ထမင်းတွေအတူတူစားကြတယ်၊ အတူတူကစားကြတယ်နော်၊ ဟိုးတုန်းက နေ့ရက်တွေကို လွမ်းလိုက်တာကိုကိုရယ်….။
မိုးတွေကရွာနေသည်မို့ ကြယ်စင်တယောက် အဆောင်ကနေ ကျောင်းသို့သွားရန် စိတ်ပျက်နေသည်၊ ရန်ကုန်မိုး မစဲသောမိုးတဲ့လေ၊ မသွားရင်လည်း မရောက်ရုံပဲရှိတော့မှာမို့ ထီးလေးဖွင့်ကာ ထွက်လာခဲ့မိတော့သည်…။
“ကျွီ….ဒုန်း”
အဖြူရောင်ဆလွန်းကားတစ်စီး ကြယ်စင့်ဘေးနားမှ ထိုးရပ်လိုက်သည်၊ ကားရပ်သည့်နေရာတွင် မိုးရေများကြောင့် ရွှံ့စက်တွေက ကြယ်စင့်လုံချည်လေးကို ညစ်ပတ်စေတော့သည်၊ ကြယ်စင် အဖြူရောင်ကားလေးဘက်သို့ ကြည့်လိုက်မိပြီး၊ မျက်စောင်းလေးတချက်ထိုးလိုက်သည်…ပြီးတော့မှ…
“ဒီမယ်ရှင့် ဒီမယ်…“
“ရှင် ကားကို ဘယ်မှာလာရပ်တာလဲ၊ ကျွန်မလုံချည်တွေ ညစ်ပတ်ကုန်ပြီ၊ ရှင် ဘယ်လိုလုပ်လိုက်တာလဲ”
အပြစ်ကင်းစင်သော ကောင်မလေးရဲ့နှုတ်ခမ်းစူစူနဲ့ ပြောဆိုနေသော မျက်နှာလေးကိုကြည့်ပြီး မင်းဝေရင်ထဲ စိတ်ဝင်စားမှုတွေနဲ့အတူ ရယ်မောသံတို့က အပြင်ထိအောင်ပင် ထွက်လာခဲ့တော့သည်…။
“ဟားဟား…ဟား…ဟား…”
“ဟင်…ရှင်..ဘယ်လိုလူလဲ…ဘာလို့ရီနေရတာလဲ”
“မင်းကို သဘောကျလို့ပါ”
“ဘာရှင့်…ဘာစကားပြောတာလဲ”
“ရှင်တွေ့ဘူးတဲ့ မိန်းကလေးများ မှတ်နေလို့လား…တောက်”
“တောက်”ခေါက်သံလေးနဲ့အတူ စိတ်ဆိုးဆိုးနှင့်လှည့်ထွက်သွားပုံက  လျှံမင်းဝေရင်ထဲ စွဲငြိစရာပင် ဖြစ်နေခဲ့သည်…။ ဒီလို မြန်မာဆန်ပြီး ချစ်စရာကောင်းတဲ့မိန်းကလေး ဒီတခါပဲ တွေ့ဘူးတယ်ကွာ… ကောင်မလေးရယ် မင်းကိုငါ သိပ်ချစ်မိသွားပြီနော်…။
ကြယ်စင် ကျောင်းခန်းထဲသို့ ရောက်သည်နှင့်ပင် ကျောင်းပြင်မှာဂွကျခဲ့သော ဟိုလူနှင့် တခန်းတည်း တွေ့ခဲ့ရ သည်။
“ဟင်..သူ…သူ” သူက ငါတို့အခန်းထဲကလား…ဘယ်လိုလူလဲမသိ…ငါ့ကို စိုက်ကြည့်နေပါလား…သူနဲ့မှ ဘာလို့လာပြီး တခန်းတည်းဖြစ်နေရတာလဲ…အို တခန်းတည်းလည်း ဘာဖြစ်လဲ၊ သူနဲ့ငါနဲ့ ဘာဆိုင်တာ မှတ်လို့..”
နေ့စဉ်ဆိုသလို ကျောင်းသွားကျောင်းပြန် သူနဲ့ဆုံခဲ့ရသည့်နောက်ပိုင်းမှာတော့…
“ဟေ့…ကြယ်စင်”
“ဘာလဲ”
“နင်နဲ့ငါနဲ့က တခန်းတည်းသားချင်းတွေလေဟာ..”
“အဲ့ဒါ ဘာဖြစ်လဲ…အဲတော့ဟာ..နင်နဲ့ငါ သူငယ်ချင်းဖြစ်ချင်တယ်ဟာ”
“မဖြစ်ချင်ဘူး…”
“ဘာလို့လဲဟာ…”
“နင့်ကိုငါ မခင်ဘူး”
“နင် ငါ့ကို မခင်ပေမယ့် ငါကတော့ နင့်ကိုခင်တယ်ဟာ၊ ပြီးတော့ဟာ ခင်တာထက်လည်းပိုတယ်ဟာ… ငါမပြောတတ်ဘူး”
“မသိဘူးဟာ..ငါသွားတော့မယ်”
ကျောင်းတွေတက်လာရင်းနဲ့ပင် နောက်လဆို စာမေးပွဲတွေဖြေပြီး၊ ကျောင်းပိတ်ရင် အိမ်ပြန်ရတော့မယ်၊ ကြယ်စင် ကိုကိုနဲ့တွေ့ရတော့မယ်…“ကိုကိုရယ် ကြယ်စင်လေး လွမ်းနေပြီနော်”၊ ကျောင်းကြီးပိတ်တာနဲ့ ကိုကို့ဆီကို အပြေးလေးလာခဲ့မယ်နော်….။
“ကိုကိုရေ…ဖေဖေရေ”
“ဟာ…ညီမလေး ပြန်လာပြီ…၊ ဖေဖေရေ ညီမလေးပြန်လာပြီ”
“အမလေး..ဖေဖေ့သမီးလေး လွမ်းလိုက်တာကွယ်…ကဲကဲ …လာလာ”
“ကိုကို့ညီမလေးကလေ ကျောင်းကပြန်လာမှ အရမ်းကိုလှလာတယ်နော်”
“ကဲ..ကိုကို ဘာစားချင်လဲပြော..ကြယ်စင် ၀ယ်ကျွေးမယ်လေ”
“မစားပါဘူး ညီမလေးရယ်၊ ဒီနေ့ည ချစ်ညီမလေးနဲ့ ထမင်းအတူတူစားကြမယ်နော်၊ ကိုကိုလွမ်းနေတာ ညီမလေးကိုလေ…”
“ညီမလေးလည်း အရမ်းလွမ်းတာပဲကိုကိုရယ်”
မနက်ခင်းလေးမှာတော့ ကြယ်စင်တို့အိမ်ရှေ့သို့ အဖြူရောင်ကားလေးတစ်စီး ရောက်လို့လာပါတော့သည်..။
“တီတီ…တီ”
နေခ ခြံရှေ့ထွက်လာခဲ့ပြီး….
“ဘယ်သူနဲ့တွေ့ချင်လို့ပါလည်း ခင်ဗျာ…”
“သြော်…ဟုတ်ကဲ့..ကြယ်စင်လမင်းနဲ့တွေ့ချင်လို့ပါ”
“ဟုတ်ကဲ့….ခဏစောင့်ပါအုံးခင်ဗျာ”
“ညီမလေးရေ…ကြယ်စင်…ထပါအုံးကွာ…ဧည့်သည်ရောက်နေတယ်”
“ဧည့်သည်” ဘယ်ကဧည့်သည်ပါလိမ့်၊ ကြယ်စင် အိပ်ချင်မူးတူးဖြင့် ထလာခဲ့တော့သည်…
“ဟင်….မင်းဝေ”
“နင် ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”
“ဒီလိုပဲပေါ့ဟာ၊ တွေ့ချင်တော့လည်း လာခဲ့ရတာပေါ့”
“နင်ကလည်းဟာ ငါ့ကို အိမ်ထဲတောင်မခေါ်တော့ဘူးလား”
“ဟုတ်သားပဲ ညီမလေးရဲ့၊ ဧည့်သည်ကို အိမ်ထဲခေါ်လိုက်အုံးလေ”
“မခေါ်ပါဘူး ကိုကိုရာ၊ သူက ဧည့်သည်မှမဟုတ်ဘဲ”
“ဟင်..ဘယ်လိုကြီးပါလိမ့်”
နေခမျက်လုံးများ ပြူးကျယ်သွားတော့သည်….
“မင်းဝေ..နင်ပြန်တော့၊ နောက်တခါ ငါ့ဆီကို ဘယ်တော့မှ မလာခဲ့နဲ့..ငါ နင့်ကို မတွေ့ချင်ဘူး”
“ကြယ်စင်…နင် ဘယ်လိုပြောလိုက်တာလဲ၊ ငါက ဟိုးအဝေးကြီးကနေ လာခဲ့ရတာ နင်မို့ပြောရက်တယ်နော်”
“ဟင်…နင့်ကိုငါ ဖိတ်ခေါ်ခဲ့လို့လား…နင့်ဘာသာလာတာလေ”
“အေး…ဟုတ်တယ်…ငါ့ဘာသာလာတာ….အဲ့ဒါ ဘာလို့လဲဆိုတာ နင်မမေးတော့ဘူးလား”
“မေးလည်းမမေးဘူး၊ သိလည်းမသိချင်ဘူး၊ နင်သွားတော့ဟာ”
“နင်သွားဆို ငါထွက်သွားပါ့မယ် ကြယ်စင်၊ မသွားခင် တခုတော့ပြောခဲ့မယ်၊ ငါ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူးနော်ကြယ်စင်…နင့်ကိုငါ အရမ်းချစ်တယ်…ဒါပဲ…ငါသွားတော့မယ်”
နေခ အံ့သြမှုတွေနဲ့အတူ မျက်လုံးများလည်း ပြူးသွားရတော့သည်…။
လျှံမင်းဝေ လှည့်ထွက်သွားမှာတော့….
“ညီမလေး.. ဘာတွေဖြစ်နေတာလဲ..ကိုကို့ကိုလည်း ရှင်းပြပါအုံး”
“ညီမလေးရဲ့ ချစ်သူလား၊ ညီမလေး ချစ်သူတွေရနေပြီလား”
“မဟုတ်ပါဘူး ကိုကိုရယ်၊ သူနဲ့ကြယ်စင်က တခန်းတည်းတွေပါ၊ သူက ကြယ်စင့်ကို တဖက်သတ်ဖြစ်နေတာပါ၊ ကြယ်စင် သူ့ကိုမချစ်ပါဘူး”
“ဟင်း…”ဆိုပြီး သက်ပြင်းရှည်လေးတစ်ချက် ခိုးချမိခဲ့ပေမယ့် နေခရင်ထဲမှာတော့ ဒဏ်ရာက မသက်သာ လှပါ…။
ကျောင်းပိတ်ရက်တွေမှာ  မင်းဝေတယောက် နေ့စဉ်ဆိုသလို ကြယ်စင်ရှိရာသို့ ချဉ်းကပ်နေတတ်ခဲ့သည်.. ကြယ်စင့်ဖေဖေ ဦးနေသွေးနှင့် ရင်းနှီးမှုအခွင့်အရေးယူကာ…
“အန်ကယ်”
“အေး…မောင်မင်းဝေ…လာလေကွာ”
“ကျွန်တော် အန်ကယ့်ကို တခုလောက်တောင်းဆိုချင်ပါတယ်”
“ဘာများလဲ မောင်မင်းဝေရဲ့”
“ကျွန်တော် ကြယ်စင့်ကို လက်ထပ်ချင်ပါတယ်…မိသားဖသားပီပီလည်း တောင်းရမ်းခွင့်ပြုပါအန်ကယ်”
“မောင်မင်းဝေကို အန်ကယ့်သမီးနဲ့ သဘောတူပါတယ်၊ ဒါပေမယ့် သမီးလေးရဲ့ဆန္ဒကိုတော့ အန်ကယ် မေးကြည့်ပါရစေအုံးကွာ”
“ဟုတ်ကဲ့ပါ အန်ကယ်…မေးကြည့်ပါ”
ဦးနေသွေးတယောက် သမီးဖြစ်သူ ကြယ်စင်လမင်းကို ခေါ်ယူကာ…ကျိုးကြောင်းစုံလင်ရှင်းပြခဲ့ပြီးချိန်မှာတော့..
“ဖေဖေ…သမီး သူ့ကိုမချစ်ဘူးဖေဖေ…ဒါပေမယ့် ဖေဖေ စိတ်ချမ်းသာမယ်ဆိုရင်တော့ သမီး သူနဲ့ လက်ထပ်ပါ့ မယ်”
“ကဲ…ဒါဆိုရင်…သား နေခကရော”
နေခ ဘာပြောရမှန်းမသိသလိုဖြစ်သွားခဲ့ပေမယ့် ရင်ထဲမှာ မချိတင်ကဲသော အချစ်တွေနဲ့ပင်….
“ဟုတ်ကဲ့ပါ…ဖေဖေသဘောတူရင် သားလည်းသဘောတူပါတယ်ဖေဖေ”
တိတ်ဆိတ်တဲ့ညလေးရောက်လာပြန်တော့ ရင်ဖွင့်နေကျ ဒိုင်ယာရီစာအုပ်လေးကို ရင်ဖွင့်နေခဲ့သူက နေခ…
“ညီမလေးရယ်၊ မနက်ဖြန်ဆို ကိုကိုချစ်တဲ့ညီမလေးကို တပါးသူလက်ထဲ ထည့်ရတော့မယ်နော်၊ ကိုကိုတားချင်ပေမယ့် ကျေးဇူးတရားဆိုတဲ့ သတ်မှတ်ချက်တစ်ခုက ကိုကို့နှလုံးသားကို တစစီဖြစ်စေခဲ့ပြီ ညီမလေးရယ်၊ ကိုကို့ကို ခွင့်လွှတ်ပါကွာ…နော်၊ သိပ်ချစ်တယ် ညီမလေး..အရမ်းချစ်ပါတယ်”
သိပ်ချစ်ရတဲ့ ညီမလေးရဲ့ ကိုကိုနေခ
အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေခဲ့တဲ့ ကြယ်စင် မျက်ဝန်းမှမျက်ရည်စတွေက ထိန်းမရ နိုင်တော့ပေ…။
“ဟင်..ကြယ်စင်…မင်း ငိုနေတယ်..ဟုတ်လား”
“ဒီအချိန်ဟာ ငိုရမှာမဟုတ်ဘူးလေကွာ…ဒီနေ့ဟာ မင်းနဲ့ငါရဲ့ မင်္ဂလာနေ့ရက်လေကွာ”
“အသုဘမဟုတ်ဘူးလေကွာ..ဘာလဲ..မင်းက မင်းနဲ့ဘာမှမတော်စပ်တဲ့ မင်းရဲ့ကိုကိုကို လွမ်းနေတာလား”
“ကိုမင်းဝေ…“ရှင်” ဒီလိုစကားမျိုးမပြောပါနဲ့”
“မပြောနဲ့သာဆိုတယ်၊ မင်းလုပ်ပုံကိုလည်းကြည့်အုံးလေကွာ…ဟုတ်လို့လား”
“ဟုတ်တယ်..ကြယ်စင် ကိုကို့ကိုချစ်တယ်….ကိုကို့ဆီကို ကျွန်မပြန်မယ်”
ဝတ်စုံလေးကို လက်ကလေးဖြင့်အသာအယာပင့်မပြီး မစဲသောမျက်ရည်တွေနဲ့အတူ နေခရှိရာသို့ ကြယ်စင် အပြေးလေးလာခဲ့မိသည်…။
“ကိုကို…”
ပူနွေးသောလက်တစုံက နေခရင်ကို လှုတ်ခတ်သွားစေခဲ့သည်…
“ကိုကို…ကြယ်စင် ကိုကိုနဲ့ပဲနေမယ်၊ ကြယ်စင့်ကို တပါးသူလက်ထဲ မထည့်လိုက်ပါနဲ့နော်၊ ကြယ်စင့်ကို သနားပါနော်”
“ညီမလေးရယ်…ကိုကို ဘယ်လိုပြောရမလဲကွယ်..”
“ဘယ်လိုမှမပြောပါနဲ့တော့နော်..ကိုကို ကြယ်စင့်ကို ချစ်တယ်မို့လားဟင်”
နေခ…မငြင်းဆန်နိုင်တော့ပါ၊ ဟန်ဆောင်မှုတွေကို ခွါချရင်း..
“ကိုကို သိပ်ချစ်ပါတယ် ကြယ်စင်လေးရယ်…ဒါပေမယ့်”
“ဒါပေမယ့်မနေပါနဲ့တော့ သားရယ်”
ဦးနေသွေးရောက်လာခဲ့ပြီး….
“ဖေဖေ အတ္တကြီးခဲ့တာပါ၊ တကယ်ဆို သားနဲ့သမီးရဲ့ ခံစားချက်ကို လျစ်လျူရှုပြီး အတ္တဆန်ခဲ့မိတာပါ၊ သားနဲ့သမီးနဲ့ချစ်ခြင်းကို ဖေဖေ မခွဲတော့ပါဘူးနော်”
“တကယ်လား ဖေဖေ”
“တကယ်ပေါ့ သမီးလေးရယ်”
“၀မ်းသာလိုက်တာ ဖေဖေရယ်”
နှစ်ဦးသားရဲ့ ကြည်နူးမှုတွေက မျက်ရည်စတွေကြားမှ အပြုံးပန်းတွေဝေနေခဲ့ရတော့သည်…သိပ်ချစ်တတ်တဲ့ ချစ်သူနှစ်ဦးတို့အတွက် အဖြူရောင်သတို့သမီးဝတ်စုံလေးဟာ သတို့သမီးလေး ကြယ်စင့်အတွက်တော့ “ရင်ကွဲနေ့”ရက်တွေကို အရောင်တွေဖြူစင်စွာနဲ့ ချစ်ခရီးလမ်းကို ပျော်ရွှင်စွာနဲ့ ကျော်ဖြတ်လို့ လျှောက်လှမ်း နိုင်ခဲ့ပြီပေါ့……..
နေခြည်သစ်နွယ်(ပြည်)

No comments: