Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“အမေပြောတဲ့….ဖူးစာ”

“အမေပြောတဲ့….ဖူးစာ”

ကျွန်မကို ငယ်ငယ်က အမေက ပြောဘူးခဲ့တယ်…ဒီအရွယ်ဟာ ပညာသင်တဲ့အရွယ်..ရည်းစားထားရမယ့် အရွယ်မဟုတ်ဘူးဆိုပဲ၊ အမေပြောတဲ့အတိုင်းပဲ ကျွန်မနေခဲ့ပါတယ်၊ အမေကပြောခဲ့တယ်၊ တက္ကသိုလ်ဝင်တန်း အောင်တဲ့အထိ ကျောင်းစာကိုပဲလုပ်ရမယ်တဲ့၊ ဘာတွေ၊ ညာတွေမှမ၀င်ရဘူး၊ တစ်ခုတော့ အမေကြို ပြောမယ်၊ သမီးတို့အရွယ်တွေဟာ (၁၅)နှစ်၊ (၁၆)နှစ်ဆိုတော့ စိတ်ကလေးတွေက အရမ်းနူးညံ့တတ်တယ်၊ လေတိုက်ရင် သစ်ရွက်လေးတွေဟာ
လွင့်ပါးနေသလိုပဲ…ဘယ်ဘက်ကိုတိုက်ခတ်ရင် ဘယ်ဘက်ကိုယိမ်းတယ်၊ ညာဘက်ကို တိုက်ခတ်ရင် ညာဘက်ကို ယိမ်းတတ်တဲ့သဘောရှိတယ်၊ သမီးရဲ့စိတ်ကလေးဟာလည်း ဒီလိုပါပဲ၊ လူတစ်ယောက်က ဒီလိုလေးလုပ်လိုက်ဆိုတာနဲ့ လုပ်တတ်တယ်၊ ဟိုလိုလေးလုပ်လိုက်ဆိုတာနဲ့ လုပ်တတ်တဲ့ ပင်ကိုယ်နူးညံ့စိတ်ကလေးတွေရှိကြတယ်၊ ဒါကြောင့် သမီးရဲ့ စိတ်ကလေးတွေ စာသင်တဲ့အရွယ်မှာ လွင့်ပါးမသွားရအောင် အမေကလည်း ထိန်းသိမ်းပေးမယ်တဲ့…။
အမေ့ရဲ့ ပြောစကားတွေနဲ့အတူ၊ သွန်သင်မှုတွေနဲ့အတူ ကြီးပြင်ခဲ့ရတဲ့ ကျွန်မဟာ…တသွေမတိမ်းလိုက်နာခဲ့မိပါ တယ်၊ အမေ့ရဲ့ပြောစကားကို အမေ့ရှေ့တွင်မဟုတ်ဘဲ..အမေ့ကွယ်ရာမှာလည်း လိုက်နာတတ်ခြင်းဟာ အမေ့စကားကိုနားထောင်တတ်သူလို့ အမေကသင်ဘူးပါတယ်..ကျွန်မလည်း အမေ့ကွယ်ရာတွေအထိ အမေ့စကားကို နားထောင်ခဲ့မိပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့နေ့ဟာ ကျွန်မ အမေ့စကားကို နားထောင်ခဲ့မိလို့ပဲဟု တွေးမိပါတယ်။
“အမေရေ…အမေ့ကျေးဇူးကြောင့်…သမီး စာမေးပွဲအောင်သွားပြီနော်”
ကျွန်မကိုချစ်ကြတဲ့ ဆရာမတွေနဲ့အတူအမေက ကျွန်မကို ကျောင်းဆက်တက်ရန် ညွှန်ပြခဲ့တယ်။ မြို့ပေါ်မှာ ကြီးပြင်းပြီး ကျောင်းတက်ခဲ့သူဖြစ်ပေမယ့်လည်း၊ စာမှစာဆိုတဲ့…စာခြောက်ရုပ်ဖြစ်နေတဲ့ကျွန်မ….တုံးတုံးအအ ပေါ့…ခုလိုချိန်မျိုးမှာ ကွန်ပျူတာခလုပ်လေးတွေကို အသာအယာလက်ကလေးနဲ့ဖိနှိပ်တတ်တဲ့ကျွန်မဟာ… ကျောင်းစာတွေအတွက် စာသွားကူးရာမှာတော့…တောသူမလေးတစ်ယောက်ပမာ…အလင်းပြန်နေတဲ့ မိတ္တူ စက်တစ်လုံးကို…  သေသေချာချာစူးစိုက်ကြည့်ခဲ့ရတဲ့အဖြစ်ရယ်ပါ….ဆိုင်ထဲကလူကို လှမ်းမေးရင်း..
“ဦးလေး…အဲ့ဒါ ဘာကြီးလို့ခေါ်လဲဟင်…”
“အဲ့ဒါ…မိတ္တူကူးစက်ပေါ့ သမီးရဲ့”
“သြော်….”
“သြော်” တောင်ချလိုက်ရတဲ့ ကျွန်မအဖြစ် ရယ်စရာဖြင့်ကောင်းလိုက်ပါတယ်။
တက္ကသိုလ်ဆိုတဲ့ ပထမနှစ်ဟာ ကျွန်မအတွက်တော့ ကလေးသာသာ….အခြားသူတွေ ရင့်ကျက်နေပေမယ့် ကျွန်မကတော့ တုံးတုံးအအပေါ့….သူငယ်ချင်းတွေ အချစ်ရှိပေမယ့် ကျွန်မမှာတော့ စာအုပ်နှင့်မျက်နှာ ခပ်ခွာခွာ မနေခဲ့ရပါ။ မျက်နှာမှာ အသေအချာတပ်…စာမေးပွဲကျရှုံးမည်ကိုသာ စိုးရိမ်နေခဲ့ရပါတော့သည်…အမေကတော့ ရည်းစားဆိုသည် တစ်ခွန်းမမေး…
“ငါ့သမီး..ဖြေနိုင်ရဲ့လားတဲ့”
တက္ကသိုလ်ရဲ့ဒုတိယနှစ်…သူပြိုင်ကိုယ်ပြိုင်ကဲကြတဲ့နှစ်မှာတော့….ကျွန်မက လူရေလည်သယောင်ယောင်… ကျွန်မအမေကပြောပါတယ်….ရည်းစားရှိရင်ပြောပါတဲ့…ရည်းစားဆိုတာ…ကျွန်မအကဲခတ်မိသလောက်တော့ အမေပြောပြတဲ့…စိတ်ကစားတယ်ဆိုမည်ထင်ပါသည်…ဟိုယောက်ျားလေးက လိုက်နိုးနိုး၊ ဒီယောက်ျားလေးက ကြိုက်နိုးနိုးပေါ့….ရင်ခုန်သလိုလိုရှိခဲ့ပေမယ့်လည်း…ကျွန်မအတွက်တော့ အတန်းကျမှာပင်စိုးရိမ်နေခဲ့ရပါသည်။
ဒီလိုနဲ့ ကျောင်းကြီးပြီးခဲ့ပြန်တော့…ရင့်ကျက်မှုတွေကပိုလာခဲ့ပါသည်….ရည်းစားထားခြင်းရဲ့ရင့်ကျက်မှုမျိုးတော့ မဟုတ်ခဲ့ပါ။ အလုပ်တစ်ခုအတွက် လုပ်ဆောင်ရမည့် ရင့်ကျက်မှုမျိုးတစ်ခုဖြစ်သည်။ အချိန်ကာလတွေ ဖြတ်သန်းခဲ့ရင်း…ခုဆို ကျွန်မအသက်“၂၈”…..
ရယ်စရာပင်ကောင်းလှပါသည်….ချစ်သူတွေဝိုင်းဝိုင်းလည်နေခဲ့ပြီး….ထိမ်းမြားမည့်သူရှိသော်ငြားလည်း….ကျွန်မ ချစ်သူကို ရှာပုံတော်ပင်ဖွင့်ခဲ့ရပါသည်…။
“ချစ်သူ”ဆိုသည့် အဓိပ္ပါယ်ကို ကျွန်မ သဘောပေါက်သွားမိခဲ့သည်….အခြားသူရဲ့ချစ်ခြင်းကို ခံရသူမှ ချစ်သူ မဟုတ်နိုင်ပါဘူး။ ကျွန်မချစ်တဲ့သူ အနားမှာပင်ရှိနေသည်ကသာ “ချစ်သူ”လို့ ခေါ်ဆိုနိုင်မည်ဟု ယုံကြည်ထားမိ ပါသည်။…ခုတော့လည်း “အမေပြောတဲ့ဖူးစာ”…..ချစ်သူတွေဝိုင်းဝိုင်းလည်သော်လည်း….ဖူးစာဆိုသည်မှာ ဦးရာသူပဲလား…သို့မဟုတ်…အမေပြောတဲ့ဖူးစာကို စောင့်စားရအုံးတော့မည်လား…..။
“ချစ်သူ”ဆိုသည့်အတိုင်း ကိုယ့်ကိုချစ်တဲ့သူတွေအများကြီးထက်….ကိုယ်ချစ်ရတဲ့သူနဲ့ အနားမှာရှိနေနိုင်ကြပြီး ထာဝရလက်တွဲသွားနိုင်ကြပါစေ။”

နေခြည်သစ်နွယ်(ပြည်)